ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ သောက်သုံးရေမည်သို့ဆောင်ယူနိုင်ခဲ့ပုံ

Choose the language in English

ဧရာဝတီမြစ်သည် သာမန်မြစ်တစ်စင်းထက် ပိုပါသည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည်သာမက မြစ်ကမ်းအနီး မှီတင်းနေထိုင်သည့် ကျေးရွာနေလူထုအတွက် အသက်မွေးဝမ်းကျောင်းမှုပြုရန် အထောက်အပံ့ပြုနေသူ၊ အာဟာရဝမ်းစာပေးအပ်နေသူလည်းဖြစ်သည်။ သို့ရာတွင် ဤကျေးရွာများအနီး စီးဆင်းသွားသည့် ဧရာဝတီမြစ်ရေသည် သောက်သုံးရန်အတွက်မူ သင့်လျော်ခြင်းမရှိပါ။ မြစ်ကြောင်းအနီးတွင် ဖြစ်တည်လာသည့် ကန်ငယ်၊ ချောင်းငယ်များမှ ရေကိုလည်း အန္တရာယ်ကင်းကင်း သောက်သုံးနိုင်ခြင်းမရှိပါ။ အဆိုပါ ကျေးရွာသူကျေးရွာသားများအဖို့ သောက်သုံးရေအဖြစ် အဓိက အားကိုးအားထား ပြုနေရသည်မှာ အဝီစိရေသာဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၏ အနောက်စွန်း ကိုလွန်၍ သစ်ပင်ကြီးများ၊ စပါးခင်းများကို ဖြတ်ကာ ခြေလျင်လျှောက်သွားမည်ဆိုပါက နာရီဝက်ခန့်အကွာတွင် တည်ရှိနေသည့် အေးကျေးရွာသည် မြင်းခြံဒေသတွင် တွေ့မြင်နေကြ ကျေးရွာငယ်တစ်ခုဖြစ်ပါသည်။ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး မြန်မာ့ဓလေ့ ဝါးဓနိအိမ်များ အများစု စုဖွဲ့တည်ရှိနေသည့် အေးကျေးရွာ၏ အဓိကရေအရင်းအမြစ်အဖြစ် စပါးရေသွင်းစိုက်ပျိုးရန်အတွက် နိုင်ငံတော်အစိုးရက တူးမြောင်းတစ်ခု ဆောက်လုပ်ကာ ဧရာဝတီမြစ်မှရေကို သွယ်ယူပေးထားပြီး ကျေးရွာလူထု သောက်သုံးရန်၊ ချက်ပြုတ်ရာတွင် အသုံးပြုရန်အ တွက်မူ အဝီစိရေသွယ်ယူသည့် ပိုက်တစ်ခုသာလျှင် ရှိပါသည်။

ရေသွယ်ယူသည့်ပိုက်ကို မြေသားအတွင်း နက်ရှှိုင်းစွာ ထည့်သွင်ထားသည့် အဆိုပါအဝီစိတွင်းမှ အညိုရောင်သန်းနေသည့်ရေကို မြေပေါ်သို့စုပ်တင်နိုင်ရန်အတွက် ကျေးရွာသူကျေးရွာသားများအနေဖြင့် လက်ဖြင့် ရေပန့်ကိုဖိ၍စုပ်တင်ရပါသည်။ ရေတွင် ပါလာသည့် ရွှံ့နွံအစအနများကို အဝတ်ဇကာဖြင့် စစ်ယူရပြန်ပါသည်။ အလွန်သေးငယ်လွန်းသည့် အမှုန်အမွှားများ ပါဝင်နေလျှင်မူ စစ်ထုတ်နိုင်မည့် နည်းလမ်းမရှိပါ။

အေးကျေးရွာရှိ ရပ်ရွာလူထုအဖို့ သောက်သုံးရေအဖြစ် ဤရေတစ်မျိုးတည်းကိုသာ မှီခိုနေရပြီး ရေနှင့်အသားကျနေပြီ ဖြစ်သည့် အားလျော်စွာ အဝီစိရေကို သောက်သုံးရခြင်းမှာ ရွှံ့နွံအရသာအနည်းငယ်ရှိနေသည်မှလွဲ၍ အခြားဆိုးဆိုးရွားရွား အကျိုးဆက်ကိုမူ အများအားဖြင့် ခံစားရခြင်းမရှိပါ။ သို့သော် နေ့စဉ်ပြုနေကြ ဤအမှုတွင် ထိတ်လန့်ဖွယ် အကျိုးဆက်များ ရှိနေပါသည်။

မြန်မာနိုင်ငံရှိ ကျေးလက်တောရွာများတွင် နေထိုင်နေသည့် လူသန်းပေါင်းများစွာသည်သာမန်အဝီစိတွင်းများမှရေကို လုံလောက်စွာ စစ်ယူ သန့်စင်မှုမပြုနိုင်ဘဲ သောက်သုံးနေရသည့်အတွက် ရေကြောင့်ဖြစ်ပွားသော ရောဂါဘယတို့၏ အန္တရာယ်ကို ရင်ဆိုင်နေရပါသည်။ ချက်ချင်း သိသာမြင်သာသော အကျိုးဆက်တစ်ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပါသည်။ သို့သော် ရေကြီးရေလျှံမှုကြောင့်၊သို့မဟုတ် အိမ်သာမှအညစ်အကြေးများ စိမ့်ဝင်မှုကြောင့် အဝီစိရေညစ်ညမ်းသွားသည်ဆိုပါက ဝမ်းပျက်ဝမ်းလျှောခြင်းထက်ပို၍ ဆိုးရွားသော အကျိုးဆက်များဖြစ်သည့် အသည်းယောင်အသားဝါ အေ (Hepatitis A)၊ (ကာကွယ်ဆေးမရှိသေးသည့်) အသည်းယောင်အသားဝါ အီး (Hepatitis E)၊ ကာလဝမ်းရောဂါနှင့် တိုက်ဖွိုက် အစရှိသည့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပါသေးသည်။ ကိုယ်ဝန်ဆောင်မိခင်းများ၊ နုနယ်သည့်ကလေးငယ်များနှင့် ကိုယ်ခံအားနည်းသူများအဖို့ ဤရောဂါတို့က အသက်အန္တရာယ်ကိုပင် စိန်ခေါ်နိုင်ပါသည်။

သို့သော် အေးကျေးရွာနှင့်အနီးအနားရှိ ကျေးရွာငယ်များအတွက် အဆိုပါ ကျန်းမာရေးအန္တရာယ်၏ အဆုံးသတ်မှာ ဤဒေသအနီး လွန်ခဲ့သောနှစ် မတ်လက ဖွင့်လှစ်ခဲ့သော Combined-Cycle Gas-Turbine (CCGT) စနစ်သုံး မြင်းခြံဓါတ်အားပေးစက်ရုံကို ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

စွမ်းအင်၊ ရေလုပ်ငန်းနှင့် မြို့ပြဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ်သည့် Sembcorp မှ ဆောက်လုပ်ကာ ဦးစီးလုပ်ကိုင်လျက်ရှိသော Sembcorp Myingyan Independent Power Producer’s (IPP) စက်ရုံ၏ ဖွင့်ပွဲအခမ်းအနားကို ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး လျှပ်စစ်ဓါတ်အားကိုသက်သာစွာနှင့် ထိရောက်စွာ ထုတ်လုပ်ပေးနိုင်သည့်စက်ရုံ၏အခန်းကဏ္ဍအပေါ် လူထု၏ စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ပါသည်။ဓါတ်ငွေ့သုံး CCGTစက်ရုံများအနက် အကြီးဆုံးစက်ရုံတစ်ခုဖြစ်သည့် မြင်းခြံဓါတ်အား ပေးစက်ရုံသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၅.၃ သန်း ခန့်၏လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သည့် လျှပ်စစ်ပမာဏကို ထုတ်လုပ်ပေးနေပါသည်။ သို့သော်လူအများသတိမမူခဲ့သည့် အခြားအချက်မှာမူ ဤဒေသတွင် မှီတင်းနေထိုင်သော လူထု၏နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်လာစေရန်ရှေ့ရှု၍ Sembcorp ကလက်တွေ့ လုပ်ဆောင်ခဲ့သည့် အရာများ ဖြစ်ပါသည်။

Sembcorp အနေဖြင့်(ကုလသမ္မဂ္ဂ၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့်အညီ ဦးစားပေးရေးဆွဲထားသည့်) ၎င်း၏ ရေရှည်တည်တံ့ရေးမူဘောင်မှအဓိကပန်းတိုင်တစ်အခုအဖြစ်သန့်စင်သည့်စွမ်းအင်ကို လက်လှမ်းမီသည့်နှုန်းထားဖြင့်ပံ့ပိုးပေး ရန်အတွက်သာမကသန့်စင်ပြီးဘေးကင်းစွာ စီမံထားသည့် ရေနှင့် သန့်ရှင်းရေးက ပံ့ပိုးပေးနိုင်ရန်ကိုလည်း ဦးစားပေးသတ်မှတ်ထား ပါသည်။ Sembcorpသည် ယခင်ကအိန္ဒိယနိုင်ငံတွင်လည်း ကျေးလက်အထောက်အကူပြုလုပ်ငန်း တစ်စိတ်တစ်ဒေသအဖြစ် ရေသန့်စင်ရေးစက်ကိရိယာများကို တပ်ဆင်ပေးခဲ့ပြီး အဆိုပါရေသန့်စင်စနစ်မရှိခဲ့သည့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကကျေးရွာ လူထု အကြား ရေမှတစ်ဆင့်ကူးစက်သည် ရောဂါဖြစ်ပွားနှုန်းကျဆင်းခဲ့ကြောင်းကိုလည်း လက်တွေ့ မြင်တွေ့ ခဲ့ရပါသည်။

မြင်းခြံသဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံကို ဖွင့်လှစ်ခြင်းမပြုမီ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် တွင် Sembcorp အနေဖြင့်ရပ်ရွာလူထု၏ လိုအပ်ချက်ကိုစစ်ဆေးသည့် လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် ကျေးရွာလူထုက မည်သည်ကိုအဓိက လိုအပ်နေကြောင်း ဆွေးနွေးခဲ့ပါသည်။ လိုအပ်ချက်များ အားလုံးအနက်မှ ထိပ်ဆုံးတွင်ရှိ နေခဲ့သည့် အချက်မှာ သန့်စင်သည်သောက်သုံးရေ ရရှိရေးဖြစ်ပါသည်။

ဤလိုအပ်ချက်ကို ဖြေရှင်းပေးရန်အတွက် Sembcorp သည် ရေသန့်စင်စက် (၁၄) လုံးကို မြင်းခြံအနီးရှိ ကျေးရွာ (၁၃) ရွာတွင် တစ်လုံးစီ သော်လည်းကောင်း၊ အတန်ငယ်ဝေးသည့် ထနောင်းတိုင်ကျေးရွာရှိ အထက်တန်းကျောင်းတွင် ဆရာဆရာမများနှင့် ပညာသင်ယူလျက်ရှိသည့် ကျောင်းသားများ သောက်သုံးရေ လွယ်လင့်တကူရရှိစေရေးအတွ က် ရေသန့်စင်စက် (၁) လုံးကိုသော် လည်းကောင်း တပ်ဆင်လှူဒါန်းပေးခဲ့ပါသည်။ ဤရေသန့်စင်စက်များသည် ဒေသခံလူအယောက်ပေါင်း (၁၉,၀၀၀) ကျော်အတွက် မိမိတို့၏ နေအိမ်မှ မီတာ (၅၀၀) အတွင်း သန့်စင်သည့် သောက်သုံးရေကို ရရှိနိုင်ရန် ကူညီပေးနေပါသည်။

ဤသို့တပ်ဆင်ရာတွင် ရေးကြီးထည့်သွင်းစဉ်းစားရသည့် အချက်တစ်ခုမှာ ဆောက်လုပ်တပ်ဆင်လိုက်သည့် ရေသန့်စင်စက်သည် ပတ်ဝန်းကျင်အခြေအနေနှင့်ဖြစ်စေ၊ ကျေးရွာလူထု၏ လူမှုရေးလိုအပ်ချက်များနှင့်ဖြစ်စေ အသင့်တော်ဆုံး ဖြစ်နေစေရေးဖြစ်သည်။ ဤသို့သင့်တော်စေရန်အတွက်လည်း စစ်ဆေးမှု၊ ဆန်းစစ်မှုများ များစွာ လုပ်ဆောင်ခဲ့ရပါသည်။

တစ်ဖက်တွင် ကောင်းမွန်သည့် သောက်သုံးရေ အရည်အသွေးရရှိစေရေးနှင့် အခြားတစ်ဖက်တွင်လည်း ဆောက်လုပ်လိုက်သည့် ရေသန့်စင်စက်ကို ကျေးရွာလူထုမှ လွယ်လင့်တကူ အသုံးပြုနိုင်စွမ်းရှိရေးတို့ကို ဟန်ချက်ညီမျှစေရန် ထည့်သွင်းစဉ်းစားကာ ရေတွင်ပါဝင်နေသည့် အညစ်အကြေးအမှုန်အမွှားများကို စစ်ယူရန်အတွက် Ultrafilterအမြှေးပါးများ၊ ခရမ်းလွန်ရောင်ခြည်၊ သဲနှင့် ကာဘွန်အစစ်များကို အသုံးပြုထားသည့် ရေစစ်စနစ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့အပြင် ရေစစ်များ၊ သန့်စင်အစိတ်အပိုင်းများကို မည်သို့မည်ပုံ အစားထိုးရမည်၊ မဖြေရှင်းနိုင်သည့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မည်သူ့ကို ဆက်သွယ်အကူအညီတောင်းခံရမည် အစရှိသည်တို့အပါအဝင် ရေသန့်စင်စက်များကို မှန်ကန်စွာ ပြုပြင်ထိန်းသိမ်းမှု၊ ကြီးကြပ်မှုနှင့်ဆိုင်သော လမ်းညွှန်ချက်များကိုလည်း ကျေးရွာလူထုအတွက် Sembcorp ကစီစဉ်သင်တန်း ပေးခဲ့ပါသည်။

ယင်းသို့ နေ့စဉ်ပြုလုပ်ရမည့်ရေသန့်စင်စက်ပြုပြင်ထိန်းသိမ်းမှုကိစ္စတို့ကို ကျေးရွာလူထုကိုယ်တိုင် လုပ်ဆောင် နိုင်ရန်အခွင့်ပေးပြီး လိုအပ်ပါက အကူအညီပေးအပ်နိုင်ရေး စီစဉ်ပေးရန် အရေးကြီးပါသည်။ ဤသို့လုပ်ဆောင်ခြင်းက သန့်စင်သည့် သောက်သုံးရေရရှိရေးအတွက် ကျေးရွာလူထုကိုယ်တိုင် ဦးစီးဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း လူတိုင်းခံစားမိစေရန် ကူညီရာလည်းမြောက်ပါသည်။ အေးကျေးရွာမှာရပ်ရွာလူကြီးဖြစ်သူ ဦးမြင့်ဆွေက “ရေသန့်စင်စက်ကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်မှာတာဝန်ရှိနေတယ်ဆိုတာကိုသိရတာ ဂုဏ်ယူစရာလည်းဖြစ်သလို ဝမ်းလည်းသာမိတယ်။ လူ့အသက်အ တွက်ရေဟာအရေးကြီးတဲ့အပြင်၊ ဒီအလုပ်ဟာ ကျွန်တော်တို့အတွက်၊ ကျေးရွာအတွက် လုပ်ပေးနေရတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီအလုပ်ကို ကျွန်တော်တို့ နှစ်သက်တန်ဖိုးထားပါတယ်” ဟုပြောကြားခဲ့ပါသည်။

စင်စစ်တွင်လည်းဤအခွင့်အလမ်းနှင့်ပတ်သက်၍ ကျေးရွာလူထုက အထူးပင် စိတ်အားထက်သန်ခဲ့သည်မှာရေသန့်စင်စက်အတွက် လိုအပ်သော အအေးခံကိရိယာကို ရပ်ရွာက ဦးစီး၍ တပ်ဆင်ခဲ့ကြသည်အထိဖြစ်သည်။

ထိုမျှသာမက ရပ်ရွာလူထုပေါင်းစည်းခြင်းကြောင့် မရည်ရွယ်မစီစဉ်ဘဲလျက်ရရှိလာသည့်အကျိုးရလဒ်များလည်း ရှိနေပါသေးသည်။ ယင်းမှာ အေးကျေးရွာနှင့် အခြားဝေးလံသည့် ကျေးရွာများမှ ရပ်သူရွာသားများ ပိုမိုရင်းနှီးမှု ရှိလာခြင်းဖြစ်သည်။ ဦးမြင့်ဆွေ၏ ရှင်းပြချက်အရ အေးကျေးရွာသို့ ရပ်နီးချုပ်စပ်မှ ခြေလျှင်သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း လာရောက်ကြပြီး “ဒီကရေက သန့်စင်တဲ့အပြင် အေးမြမြနဲ့ ပိုပြီးသောက်လို့ကောင်းလို့ ကျွန်တော်တို့ဆီကရေကို ယူဖို့ လာကြပါတယ်။ အခုဆို တခြားရွာကလူတွေ ဒီကိုမကြာမကြာလာကြတဲ့အတွက် သူတို့နဲ့ ကျွန်တော်တို့အကြား ရင်းနှီးမှု ပိုပြီးခိုင်မြဲလာတယ်လို့ ထင်ပါတယ်” ဟု သိရပါသည်။

အေးကျေးရွာတွင် နွံအရောရောနှင့် အဝီစိတွင်းမှရေသာ ရှိခဲ့သည့်အခါက ဤသို့ရင်းနှီးမှုမျိုးဖန်တီးရန် အခွင့်သိပ်မရရှိခဲ့ပါ။ ယခုမူ ရေအအေးခံစက်နှင့်ဆက်စ ပ်၍ စကားစမြည်ပြောရင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန် အခွင့်အရေးကို နေ့တိုင်း ဖန်တီးထားနိုင်ပြီဖြစ်ပါသည်။

This article was first published in Myanmar Times on August 22, 2019.